မယ်စဲ့ ဒီဇင်ဘာ ၂၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အစိုးရဌာနဆိုင်ရာများနှင့် မိတ်ဖက် အဖွဲ့အစည်းများအကြား မြို့နယ်အဆင့် ကျန်းမာရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်သူများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက အပြန်အလှန် မိတ်ဆက်ကြပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက အခြေခံကျန်းမာရေး စောင့်ရှောက် ပေးမှု လုပ်ငန်းများ၊ ကျေးရွာများသို့ ကွင်းဆင်းကာ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေနှင့် မဟာမဲခေါင်မြစ်ဝှမ်း ကျန်းမာရေးစီမံချက်များနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ်ကျန်းမာရေးကော်မတီ အဖွဲ့ဝင်များက ကျန်းမာရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီးနောက် သိလိုသည်များကို မေးမြန်းရာ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ သည်။
ထို့နောက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ (IRC) မှ ပရောဂျက်မန်နေဂျာ ဒေါ်အိသဥ္ဇာမင်းက IRC မှ Acess to Health Fund အကူအညီဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)