ဖျာပုံ၌ ဌာနဆိုင်ရာရုံးမြေနေရာများအတွက် ဒုတိယအကြိမ် မြေယာလျော်ကြေးငွေပေးအပ်

ဖျာပုံ  သြဂုတ်  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သိမ်းဆည်းခံလယ်ယာမြေများအတွက်  မြေယာလျော်ကြေးငွေ ပေးအပ်ရာတွင် အမာမြို့နယ်အတွက် ဒုတိယအကြိမ်အနေဖြင့်  စည်ပင်သာယာရေးအဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနရုံး မြေနေရာတို့အတွက်  သိမ်းဆည်းခံတောင်သူများထံသို့ မြေယာလျော်ကြေး ငွေပေးအပ်ခြင်းကို ဩဂုတ်လ (၃) ရက်နေ့ နံနက်(၈)နာရီက ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဖျာပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးတို့က အမှာစကားပြောကြားကြပြီး ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က မြေယာလျော်ကြေးများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမာမြို့တွင် ဌာနဆိုင်ရာရုံးများ တည်ဆောက်ရာတွင် သိမ်းဆည်းခံရသော မြေပိုင်ရှင်များ ကိုယ်စား မြေပိုင်ရှင်ဦးသာအောင်က မြေယာလျော်ကြေးငွေပြန်လည်ရရှိခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ သိမ်းဆည်းခံမြေများ မြေယာလျော်ကြေးငွေ ပေးအပ်ရာတွင် ငါးလုပ်ငန်းဦးစီးဌာန၊ အမာမြို့ရုံး မြေဧရိယာ(၀.၁၉)ဧကအတွက်  လျော်ကြေးငွေကျပ် (၄,၀၅၀,၀၀၀/-)နှင့် စည်ပင်သာယာရေးအဖွဲ့ အမာမြို့ရုံး (၀.၄၇)ဧကအတွက် နစ်နာကြေး/လျော်ကြေးငွေကျပ် (၁၃,၅၆၈,၇၀၀/-)၊  (၀.၃၉)ဧကအတွက် လျော်ကြေးငွေ ကျပ်(၇,၆၆၁,၄၄၅/-)၊  (၀.၄၁)ဧကအတွက် / လျော်ကြေးငွေကျပ် (၇,၆၆၁,၄၄၅/-)ကို ပိုင်ရှင်များထံ  တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)