ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၈) ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိ

ဒေးဒရဲ  ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည် ရောက်ရှိလာသူများအား Facility Quarantine Centre (၂)ခုတွင် ထားရှိပြီး swab နမူနာများ ပေးပို့စစ်ဆေးရာမှ ပိုးတွေ့လူနာအဖြစ် ဒေးဒရဲမြို့ရှိ ယာယီဆေးရုံများတွင် ဆေးကုသမှုခံယူပြီး  ယနေ့နံနက်ပိုင်းက ရောဂါများ သက်သာပျောက်ကင်း၍  ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ရောက်ရှိလာသူများကို  Facility Quarantine Centre(၂)ခုတွင် ထားရှိပြီး Swab နမူနာများအား အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL)သို့ ပေးပို့စစ်ဆေးရာမှ  ကိုဗစ်-၁၉ Positive တွေ့ရှိခဲ့သည့် အတည်ပြုလူနာများအား သာသနာ့ဗိမာန်နှင့် အထက(၃)ယာယီဆေးရုံတို့တွင် ဆေးကုသမှု ခံယူရာမှ အမျိုးသား(၅)ဦး၊ အမျိုးသမီး(၃)ဦး၊ စုစုပေါင်း(၈)ဦး ရောဂါများ သက်သာပျောက်ကင်းပြီဖြစ်၍ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဆေးရုံဆင်းခွင့်ပြုခဲ့ရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး အထောက်အကူပြုအဖွဲ့မှ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် ယနေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၃၈၃)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၃၄၄)ဦးနှင့် ဆေးကုသမှုခံယူလျက်ရှိသူ (၃၉)ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)