ဖယ်ခုံ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကုန်းဆုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က အမှာစကား ပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်ဇော်၀င်းက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို အခမ်းအနားတက်ရောက် လာသော တာ၀န်ရှိသူများက ပုံစံ(၇)ရရွိသူများထံ ပေးအပ်ခဲ့ကြသည်။ ထို့နောက် ကျေးရွာတောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
“ကျေးရွာတွေမှာ ကွင်းဆင်းပြီး မြေတိုင်းတာကအစ စည်းရုံးဆောင်ရွက်ခဲ့တာပါ။ တောင်သူ တွေအနေနဲ့ ပုံစံ(၇)ရရှိတဲ့အတွက် အများကြီးအကျိုးရှိပါတယ်။ တောင်သူတွေအနေနဲ့ ကျွန်တော်တို့ ဌာနရယ် မြို့နယ် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နဲ့ ရပ်/ကျေးလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်စေခြင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြို့နယ်လျာထားဧရိယာကို ပြည့်မီအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်ဇော်၀င်းက ပြောကြားသည်။
အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် တောင်သူ ၄၀ ဦး၏ လယ်ယာမြေဧရိယာ ၁၂၀ ဧက အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ အနက် ကျေးရွာအုပ်စု ခြောက်အုပ်စုမှ တောင်သူပေါင်း ၄၄၅ ဦးတို့၏ စုစုပေါင်း ဧရိယာ ၁၂၀၉ ဒသမ ၉၆ ဧက ကို ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးခိုင်ဇော်၀င်းထံမှ သိရှိရသည်။
“ကျွန်တော်တို့ ကျေးရွာအုပ်စုမှာ ပုံစံ(၇)ရရှိတဲ့တောင်သူတွေကိုယ်စား အများကြီး၀မ်းသာပါတယ်။ တောင်သူ အတွက် ပုံစံ(၇)ရရှိအောင်ဆောင်ရွက်ပေးတဲ့ မြေစာရင်းဦးစီးဌာနနဲ့ ဌာနဆိုင်ရာ အားလုံးကိုလဲ အထူးကျေးဇူး တင် ရှိပါတယ်။ တောင်သူအနေနဲ့ မရှိမဖြစ် ဒီပုံစံ(၇)က တစ်ကယ် အသုံး၀င်တယ် အကျိုးရှိတယ်။ ပုံစံ(၇)ရှိမှဘဲ စိုက်ဘဏ်ချေးငွေလဲ ရှိမှာဖြစ်ပါတယ်” ဟုကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က ပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်ထွေး(ပြန်/ဆက်)