ကျွန်းစု ဒီဇင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လုပ်ငန်းများ ဆောင်ရွက် ရန် အတွက် ဆောင်ရွက်မည့် လုပ်ငန်းများအား စာရင်းပြုစုခြင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပင်လယ်ပိုင်း၊ လယ်တောပိုင်း၊ ဥယျာဉ်ပိုင်းခွဲ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ က အဖွင့်အမှာစကားပြောကြားခဲ့ ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မိုးမိုးနွယ် တို့က အမှာစကားအသီးသီး ပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးက ဘတ်ဂျက်ရေးဆွဲမည့် ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ခံများက မိမိတို့ ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်မည့်လုပ်ငန်းများ စာရင်းအား တစ်ရွာချင်း အလိုက် အမှန်တကယ် လိုအပ်သော လုပ်ငန်းများအား ဦးစားပေးစနစ်ဖြင့် တင်ပြဆွေးနွေးခဲ့သည်။
ကျွန်းစုမြို့နယ်တွင် စည်ပင်သာယာရေး နယ်နမိတ် ကျေးရွာ(၂၆)ရွာနှင့် မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက် ပေါင်း(၃၀)ရှိပြီး (၂၀၂၀ -၂၀၂၁)ခု ဘဏ္ဍာရေးနှစ်တွင် လမ်းလုပ်ငန်းများ(၂၈)ခု၊ တံတား လုပ်ငန်းများ(၁၁)ခု၊ အခြားသော လုပ်ငန်းများ (၅)ခု၊ စုစုပေါင်း လုပ်ငန်း (၄၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး (၂၀၂၁ -၂၀၂၂)ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအား ပမာဏ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)