ရွှေကူမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များထံမှ ကိုဗစ်−၁၉ရောဂါ ပိုးတွေ့ အတည်ပြုလူနာသစ် (၃) ဦးထပ်တိုးတွေ့ရှိ

                   ရွှေကူ  ဒီဇင်ဘာ  ၂၄                                                                                                                  

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ် (၇၁)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၃၉)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ဒီဇင်ဘာလ ၂၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ၌ အောင်မြေသာဇံမြို့နယ် ညောင်ကွဲရပ်၊ အကွက်အမှတ်(၇)တွင်နေထိုင်သော ယာဉ်မောင်း အမျိုးသား(၁)ဦးနှင့် ကသာမြို့ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သော ယာဉ်မောင်းအမျိုးသား(၁)ဦး ထံတွင်လည်းကောင်း ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းနောက် ရွှေကူမြို့  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် အသွားအလာကန့်သတ် ထားရှိသော စဉ့်ကိုင်မြို့နယ် ကြေးနီကန်ကျေးရွာတွင်နေထိုင်သူ အမျိုးသား(၁)ဦးသည် အနံ့ မရရှိကြောင်း သိရသဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ခွဲနမူနာရယူ၍ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗန်းမော်မြို့သို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲနမူနာတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်−၁၉ရောဂါပိုးတွေ့ရှိသော အမျိုးသား(၃)ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ တိုက်ခန်း(ယာယီဆေးကုသဆောင်)သို့  ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျှက်ရှိပြီး ၎င်းပိုးတွေ့ လူနာများနှင့် ဆက်စပ်လျှက်ရှိသောသူများကို ရွှေကူမြို့  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိ ကြောင်း သိရသည်။

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်−၁၉ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ဒီဇင်ဘာလ(၂၃)ရက်နေ့အထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၄၇)ဦးရှိပြီ ဖြစ်ကြောင်း၊ (၃၉)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)