မိုင်းခုတ် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ဝမ်ကတ်-ဝမ်လောက် ကျောက်လမ်းခင်းခြင်းလုပ်ငန်း အား ယနေ့ နံနက် ၁၀ နာရီခွဲက ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။
ဝမ်ကတ်-ဝမ်လောက်လမ်း(၁)မိုင် ကျောက်ခင်းခြင်းနှင့် အကျယ်(၅)ပေ Box Calvert (၁)စင်း တည်ဆောက် ခြင်းလုပ်ငန်းအား နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေကျပ် (၁၆၈.၉၆) သန်းဖြင့် ရွှေရည်ဝင်းလျှံ ကုမ္ပဏီက (၁.၁၁.၂၀၂၀)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း၏ (၃၀)ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မိုင်းဆတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်က ပြောကြားခဲ့သည်။
အဆိုပါ ဝမ်ကတ်-ဝမ်လောက်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ဒေသထွက်ထုတ်ကုန်များ လွယ်ကူ ချောမွေ့စွာ တင်ပို့ရောင်းချနိုင်ရုံသာမက ပညာရေး၊ ကျန်းမာရေးကဏ္ဍများလည်း ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသနေတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။
စိုးတင့် (ပြန်/ဆက်)