တနင်္သာရီ ဒီဇင်ဘာ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့မရဲစခန်းမှ ဒီဇင်ဘာလ၂၃ ရက် နံနက်ပိုင်းက ဒုရဲအုပ်သော်တာမျိုးနှင့် ရဲတပ်သား (၂)ဦးတို့သည် ဒုရဲအုပ်သော်တာမျိုး မောင်းနှင်သော မော်တော် ယာဉ်ဖြင့်ထောင်ကျတရားခံ(၂)ဦးအား မြိတ်မြို့အကျဉ်းထောင်သို့ လွှဲပြောင်းပို့ဆောင်ပေးရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးစဉ် အသက်(၂၅)နှစ်အရွယ်၊ အမျိုးသားတစ်ဦး၊ ဗိုလ်တဲလမ်း ချောင်းကြီးရပ်ကွက် ၊တနင်္သာရီမြို့နေသူထံမှ ရောဂါပိုးအတည်ပြုတွေ့ရှိကြောင်း အဖြေကို ယင်းနေ့ ညနေပိုင်းတွင် အကြောင်းကြားသိရှိရကြောင်း သိရသည်။
၎င်းပိုးတွေ့သူသည် တမုတ်ချုန်းကျေးရွာအုပ်စု-ရေဖြူကျေးရွာရှိ ဆင်ဖြူရှင်စိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင် စခန်း(ထုံခါး)မှခွင့်မဲ့ပျက်ကွက်ခဲ့သော အသက်၂၅ နှစ်အရွယ် တပ်သား တစ်ဦးဖြစ်ပြီး၊ တနင်္သာရီမြို့နယ် တရားရုံး၏ အမှုအမှတ်(၃၁၉/၂၀၂၀)၊ အကျဉ်းထောင်ဥပဒေပုဒ်မ-၅၄(၁) ဖြင့် ပြစ်မှုထင်ရှား သောကြောင့် ဒီဇင်ဘာလ၂၂ ရက်နေ့ ညနေ၄နာရီအချိန်က ထောင်ဒဏ်(၁)လအမိန့်ချမှတ်ခဲ့၍ တနင်္သာရီမြို့မ ရဲစခန်းချုပ်အတွင်း ဒီဇင်ဘာလ၂၂ ရက် ညတွင် ချုပ်နှောင် ထားခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် ပိုးတွေ့သူနှင့် ဆက်စပ်ထိတွေ့ခဲ့သော မိသားစုဝင်များနှင့်နီးစပ်ရာထိတွေ့ခဲ့သူများအား မြို့နယ်မိုးလုံလေလုံအားကစား ခန်းမ Quarantine စင်တာအတွင်း (၁၄)ရက်အကြာအသွားအလာ စောင့်ကြပ် ကြည့်ရှုရန် ဆက်နွယ်ပတ်သက်နေသူများ စာရင်းရယူကာ စီစဉ်နေကြောင်း မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသန်းထိုက်စိုးထံမှ သိရှိရသည်။
ရောဂါပိုးတွေ့သူအား မြိတ်မြို့သို့မော်တော်ယာဉ်ဖြင့်ပို့ဆောင်ပေးသော ဒုရဲအုပ်သော်တာမျိုးနှင့် ရဲတပ်သား (၂)ဦး တို့ကိုလည်း ၎င်း မိုးလုံလေလုံအားကစားခန်းမ Quarantine Center တွင် (၁၄)ရက်စောင့်ကြည့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး Dr.အောင်သိုက်ထွန်း ထံက သိရှိရသည် ။
နန်းသာရီ-ထိန်ဝင်း