ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ အား တာဝန်ရှိသူများမှစစ်ဆေးဆောင်ရွက်

မြစ်သား   ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး   အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ယနေ့နံနက်(၉)နာရီခွဲက မြို့အဝင်အထွက်ဂိတ်များအား သွားရောက် စစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်မိုးနှင့် အဖွဲ့ဝင်များက မြစ်သားမြို့နယ် ကူမဲမြို့တွင် ဖွင့်လှစ်ထားရှိသော အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် အမြို့မြို့ အနယ်နယ်သို့ ကုန်စည် စီးဆင်းမှု အတွက် သွားလာနေသည့်  ကုန်တင်ယာဉ်ကြီးများနှင့် အခြား ယာဉ် ငယ်များ ဖြတ်သန်းသွားလာမှု အပေါ် ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် စပ်လျဉ်းသည့် လိုက်နာဆောင် ရွက်ရမည့်အချက်များ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး နှင့်အားကစား ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များ အတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ကုသရေးအတွက် မြို့အဝင် အထွက်ဂိတ်များတွင် ဌာနဆိုင်ရာများ၊ ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ နေ့စဉ် မြို့အဝင်အထွက်ဂိတ် များမှ ဖြတ်သန်း သွားလာ လျက်ရှိသော မော်တော် ယာဉ်များမှ ခရီးသွားပြည်သူတို့အား နှာခေါင်းစည်း များတပ်ဆင် သွားလာရန် အသိပညာပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ကထုတ်ပြန် ထားသော ညွှန်ကြားချက်များနှင့် အညီ နေထိုင်သွားလာရေး၊ ခရီးသွား မှတ်တမ်းရယူခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ထောက်ခံချက်များ ပါရှိမှု ရှိ/မရှိစစ်ဆေးခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြမြမွန်