တံတားမြို့တွင် မီးသတ်ဝန်ထမ်းနေအိမ် (၄)ခန်းတွဲ(၄)ထပ် အဆောက်အဦအား ပန္နက်တော်မင်္ဂလာ အခမ်းအနားကျင်းပ

တံတားဦး ဒီဇင်ဘာ ၂၄

 

ကျောက်ဆည်ခရိုင် တံတားမြို့ အမှတ်(၃)ရပ်ကွက် နွားကျော်ဒရပ် ၈၀’×၃၀’×၄၄’.၃”ရှိ မီးသတ် ဝန်ထမ်း နေအိမ် (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦးအား ယနေ့နံနက်(၉)နာရီက ပန္နက်တော်တင် မင်္ဂလာ  အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်း တံတားဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီ နှင့် ဦးဝဏ္ဏအောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ် ကြီးကြပ်မှု ကော်မတီ များတက်ရောက်ကြပြီး မင်္ဂလာအချိန် ယနေ့နံနက်(၉)နာရီ အချိန်တွင် တိုင်းမီးသတ်ဦးစီးမှူး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး တို့က အဆောက်အဦကို ပန္နက်တော်တင်ပေးကြပြီး မင်္ဂလာပန္နက်တိုင်များအား အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးကြသည်။

ယနေ့ပန္နက်တော်တင်သည့် အဆောက်အဦများသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ၈၀’×၃၀’×၄၄’.၃” ရှိ မီးသတ်ဝန်ထမ်း နေအိမ် (၄)ခန်းတွဲ(၄)ထပ် ၊ အခန်းပေါင်း(၁၆)ခန်း RC အဆောက်အဦ ဖြစ်ရာ စုစုပေါင်း ကုန်ကျငွေတန်ဖိုးမှာ (၂၄၆.၄)ကျပ်သန်းဖြစ် ကြောင်း အဆောက်အဦကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း  Super Home  ကုမ္ပဏီမှ အပြီး တည် ဆောက် သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်က ပြောကြားသည်။

တံတားဦးမြို့နယ် အနေဖြင့် သန္တေမီးသတ်ဝန်ထမ်း(၂၁)ဦး ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၄၆၂)ဦးရှိပြီး မီးသတ်ကား(၁၃)စီး ရှိပါကြောင်း၊ မြို့နယ်မီးသတ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေး အန္တရာယ်များ ကို အချိန်နှင့်တပြေးညီ ပါဝင်ပူးပေါင်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည် ။

ရဲတင့်