မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်လာစေရန်အတွက် နှစ်နိုင်ငံနယ်စပ်ဂိတ် တစ်ချို့ကို အချိန်တိုးမြှင့်ဖွင့်လှစ်မည်

မူဆယ် ဒီဇင်ဘာ ၂၄

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့် နှောင့်နှေးကြန့်ကြာနေသည့် မူဆယ်မြို့၊ နယ်စပ်ဒေသ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်လာစေရန်ရည်ရွယ်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးတွင် အဓိကနယ်စပ်ဂိတ်​များဖြစ်သော မူဆယ်မြို့၊ မန့်ဝိန်းဂိတ်နှင့် ကျင်စန်းကျော့ဂိတ်တို့ကို လက်ရှိခွင့်ပြုထားသည့်အချိန်ထက် အချိန်တိုးမြှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများ အသင်းထံမှ သိရသည်။

နယ်စပ်ဂိတ်တစ်ချို့ကို အချိန်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် မူဆယ်ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ မူဆယ်မြို့၊ နယ်စပ်ဒေသကုန်သွယ်ရေးအဖွဲ့၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးအသင်း တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်ခွဲအုပ်ချုပ်ရေးမှူး ဦးဆောင်သည့် အဖွဲ့တို့  ဒီဇင်ဘာလ(၁၆)ရက်နေ့က နှစ်နိုင်ငံ၊ အဝင်/အထွက်ဂိတ်(နန်းတော်ဂိတ်)တွင်  အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့စဉ်က အချိန်တိုးမြှင့်ဖွင့်နိုင်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၊ နယ်စပ်ဒေသအာဏာပိုင်များ၏ တောင်းဆိုချက်အရ တစ်ပတ်အတွင်း အကောင်အထည်ဖော်ဆောင်နိုင်ရန် သဘောတူညီခဲ့ကြပေမယ့် တရုတ်နိုင်ငံဘက်က ပြန်လည်အကြောင်းကြားလာခြင်း မရှိသေးသည့်အတွက် လက်ရှိအချိန်အထိ အကောင်အထည်ဖော်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(မန့်ဝိန်းဂိတ်)ကို (၂၄)နာရီအချိန်ထိ အချိန်တိုးမြှင့်ဖွင့်လှစ်မယ်၊ ပြီးတော့ ကျင်စန်းကျော့ဂိတ်ကိုလည်း အချိန်တိုးမြှင့်ဖွင့်လှစ်ဖို့ သဘောတူညီထားပါတယ်၊ နှစ်နိုင်ငံသဘောတူညီထားတဲ့အတိုင်း နယ်စပ်ဂိတ်တွေကို အောင်မြင်စွာ အချိန်တိုးမြှင့် ဖွင့်လှစ်ပါက လက်ရှိနှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုထက် နှစ်ဆ ပိုမိုမြန်ဆန်လာမယ်” ဟု နယ်စပ်ဂိတ်တွေကို အချိန်တိုးမြှင့်ဖွင့်လှစ်ရန် နှစ်နိုင်ငံသဘောတူညီထားမှုနှင့်ပတ်သက်၍ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးစိုင်းနွံက ပြောကြားခဲ့သည်။

လက်ရှိမန့်ဝိန်းဂိတ်ကို မြန်မာစံတော်ချိန်ည(၉)နာရီနှင့် ကျင်စန်းကျော့ဂိတ်ကို ညနေ(၆)နာရီအချိန်ထိ ဖွင့်လှစ်ထားပြီး နှစ်နိုင်ငံကုန်သွယ်ရေးမြန်ဆန်ဖို့အတွက် လိုအပ်လာပါက ဆင်ဖြူဂိတ်နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့၊ ဝမ်တိန်ဂိတ် တို့ကိုလည်း ထပ်မံဖွင့်လှစ်နိုင်ရန် သဘောတူညီထားကြောင်း သိရသည်။

“လက်ရှိမှာတော့ နှစ်နိုင်ငံသဘောတူညီထားတဲ့ ပန်ဆိုင်း(ကြူကုတ်)မြို့၊ နှစ်နိုင်ငံအဝင်/အထွက်ဂိတ် ဝမ်တိန်ဂိတ် ကိုတော့ ဖွင့်လှစ်ပေးထားပါတယ်။ နယ်စပ်ဂိတ်တွေကို အချိန်တိုးမြှင့်ဖွင့်လှစ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ကုန်သည်ညီနောင်အသင်းတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အဆင်သင့်ဆောင်ရွက်ထားပြီ” ဟု မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းနွံက ဆက်လက်ပြောကြားသည်။

ကိုဗစ်-၁၉ရောဂါကာလတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ၊ နယ်စပ်ကုန်သွယ်ရေး ပိုမိုမြန်ဆန်ဖို့အတွက် မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် ဦးဆောင်သည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ (၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများနှင့် မူဆယ်-နမ့်ခမ်းတာဝန်ရှိသူများ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန် (ပြန်/ဆက်)