မြင်းခြံမြို့၌ A အဆင့် သတ်မှတ်ခံရသည့် စားသောက်ဆိုင်များ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး

မြင်းခြံ   ဒီဇင်ဘာ   ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့် ပြုနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့က ဒုတိယအကြိမ် ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့အတွင်း စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆိုင်သို့ ရောက်ရှိလာသည့် စားသုံးသူများအားလုံးကို ဆိုင်အဝင်တွင် ကိုယ်အပူချိန်တိုင်းတာစေခြင်း၊ လက်ဆေး ဘေစင်ထားရှိဆောင်ရွက်ထားခြင်း၊ ဆိုင်အတွင်း စားသုံး သူများ တစ်ဦးနှင့်တစ်ဦး သီးခြားစီ စားနိုင်ရန် အကာ(သို့)အကန့်များထားရှိ ဆောင်ရွက်ထားခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဗွီနိုင်းများ လူအများမြင်သာအောင် ထားရှိဆောင်ရွက်ထားခြင်း၊ ဆိုင်ဝန်ထမ်းများအနေဖြင့်လည်း နှာခေါင်းစည်း(Mask)၊ Face Shield၊ လက်အိတ်များ ထားရှိပေးခြင်းစသည့် ဆိုင်ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ဆိုင်များတွင် ဆောင်ရွက်ထားရှိရန် အချက်များ ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနတို့ မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)