ဇလွန်မြို့မစျေးသစ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ

ဇလွန်    ဒီဇင်ဘာ    ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအတွက် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်တွင် ပြုလုပ်ခဲ့သည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ်က စျေးသူစျေးသားများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောခဲ့ပြီး မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဆေးဘူးအသုံးပြုပုံနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ပုံကို ရှင်းလင်းပြောကြားခဲ့ပြီး စျေးသူစျေးသားများက လက်တွေ့ သရုပ်ပြ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဉ်ဖြင့် ရေပတ်ဖျန်း မီးငြှိမ်းသတ်ခြင်းကို စျေးသူစျေးသားများနှင့်အတူ ဇာတ်တိုက်လက်တွေ့ သရုပ်ပြလေ့ကျင့်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြပွဲကို ဇလွန်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသန်းထွန်းအောင်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိဦးရန်လင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ (ဇလွန်)