ထားဝယ် ဒီဇင်ဘာ ၂၅
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအား လူအုပ်စုတိုင်း/ကလေးတိုင်းသို့ ရောက်ရှိနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများအား အသိပေးတင်ပြခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် ကလေးငယ်များ၏ကျန်းမာရေးပြဿနာများကို ဖြေရှင်းဆောင်ရွက်လျက်ရှိရာ တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းကို ဦးစားပေးလုပ်ငန်း တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းဖြင့် အသက်(၅)နှစ်အောက် ကလေးများအားကူးစက်ရောဂါများ ဖြစ်ပွား၊ သေဆုံးမှုမရှိရအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ခြင်းအားဖြင့် (၅)နှစ်အောက်ကလေးများ သေဆုံးမှုကိုလည်း လျှော့ချနိုင်မှာဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းအနေဖြင့် လုပ်ဆောင်၍မရဘဲ သက်ဆိုင်ရာဒေသ အသီးသီးက အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ နှီးနွယ်ဆက်စပ်သောဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ INGO များ၊ NGO များ၊ မြန်မာနိုင်ငံဆရာဝန် အသင်း၊ မြန်မာနိုင်ငံ မိခင်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိမှာဖြစ်သည့်အတွက် ကာကွယ်ဆေးထိုး လုပ်ငန်းအပါအဝင် ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အားလုံး ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် လိုကြောင်းပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း က ကာကွယ် ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာရန်လင်းအောင် က တိုင်းဒေသကြီး အတွင်းရှိ ဆောင်ရွက်လျက်ရှိသည့်တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ INGO များနှင့် NGO များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)