အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်

မန္တလေး  ဒီဇင်ဘာ ၂၅

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းခြင်း နှင့်အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ ချပြရှင်း လင်းခြင်းနှင့် အသိပညာပေး ဆွေးနွေးခြင်းကို ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု(မန္တလေး)မှ ရဲအုပ်ကမ်အောင်မြင့်နှင့် ရဲအုပ်ဇာနည် အောင်တို့က ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများအကြောင်း၊ ရပ်ကွက်အတွင်းရှိ ကလေးသူငယ်များအား လူကုန်ကူးမှု ကျူးလွန်ခံရခြင်း မရှိစေရေးအတွက် ဆောင်ရွက်ရမည့် အကြောင်းများ၊ အဓမ္မလုပ်အားခိုင်းစေခြင်းအကြောင်း၊ အခြားတစ်နည်း နည်းဖြင့် ကာမဆိုင်ရာ ကိစ္စပြုစေခြင်းအကြောင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်းအကြောင်း၊ အဓမ္မဝန်ဆောင်မှုပေးစေခြင်း အကြောင်းများနှင့် လုပ်အားခေါင်းပုံဖြတ်ခြင်းများ ဖြစ်ပွားမှုမရှိစေရေးအကြောင်းတို့ကို အသိပညာပေးရှင်းလင်း ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ရဲအုပ်ကမ်အောင်မြင့်နှင့် ရဲအုပ်ဇာနည်အောင် တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ကလေးသူငယ် မှုခင်းကိစ္စများ၊ လူကုန်ကူးမှုကိစ္စရပ်များနှင့်ပတ်သက်၍ သံသယရှိပါက အရေးပေါ်ဆက်သွယ်ရန် Hot Line ဖုန်းနံပါတ်များနှင့် အသိပညာပေး လက်ကမ်းစာစောင် (၅၀)တို့အား ဖြန့်ဝေပေးကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးရာသို့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲအုပ်ကမ်အောင်မြင့်၊ ရဲအုပ်ဇာနည်အောင်၊ အိုးဘိုရွှေ ကျင်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်ဆန်းနှင့် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့် အဖွဲ့ဝင်(၁၅)ဦးတို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)