မြို့နယ်အဆင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မယ်စဲ့  ဒီဇင်ဘာ ၂၅

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မယ်စဲ့မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအလိုက် ရေးဆွဲထားသော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်းစီမံ ကိန်းများ၏ အဆိုပြုလျာထားချက် အခြေအနေနှင့် ပတ်သက်၍ မြို့နယ်အဆင့် စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ဌာနဆိုင်ရာ များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများနှင့်ထိတွေ့မှု အားနည်းပြီး ဌာနအချင်းချင်းချိတ်ဆက်မှု မရှိသည့်အတွက် မြေပြင်တွင်လစ်ဟာမှုများရှိသည့်အတွက် နောင်တွင်အားနည်းချက်များ မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်းတို့က ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများမဆောင်ရွက်မီ စီစစ်ရန်နှင့် ကွင်းဆင်းရန်လိုအပ်ကြောင်း၊ ငါးနှစ်တာကာလအတွင်း တွေ့ကြုံခဲ့ရသည်များအပေါ် သင်ခန်းစာယူပြီး ယခုကာလတွင် အဆင်ပြေချောမွေ့စွာ ဖြစ်စေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စည်းကမ်းဥပဒေနှင့် မညီသည့် လုပ်ငန်းများရှိပါက ချက်ချင်းတင်ပြကြရန်၊ ဘဏ္ဍာငွေများအလဟဿ မဖြစ်စေရေး မြေပြင်အနေအထားကို သေချာကြပ်မတ်စီစစ်ကြရန်နှင့် ဌာန၊ အစိုးရနှင့် ပြည်သူ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်ပထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးမျိုးသန်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ချပြရှင်းလင်းခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (ပြည်ထောင်စု/ပြည်နယ်) နိုင်ငံပိုင်အခန်း ဆောင်ရွက်သည့် လုပ်ငန်းစီမံချက်များနှင့် ရင်းနှီးမြုပ်နှံမှု လျာထားချက်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)