မြောင်းမြမြို့၌ Mask (နှာခေါင်းစည်း)တပ်ဆင်ထားခြင်းမရှိသည့်စျေးသည်များထံမှ စျေးဝယ်ယူခြင်းမပြုရန် အသိပေးပိုစတာများတပ်ဆင်

မြောင်းမြ      ဒီဇင်ဘာ      ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ပြည်သူများ ကိုဗစ်−၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များအားလိုက်နာစေရန်နှင့် ကိုဗစ်−၁၉ ရောဂါကူးစက်မှု မရှိစေရန် အတွက် ရည်ရွယ်၍ Mask (နှာခေါင်းစည်း) တပ်ဆင်ထားခြင်းမရှိသည့်စျေးသည်များထံမှ စျေးဝယ်ယူခြင်း မပြုရန် အသိပညာပေး ပိုစတာများကို ယမန်နေ့မွန်းလွဲပိုင်းကမြောင်းမြမြို့နယ် အတွင်းရှိ စျေး(၁၆)နေရာ သို့ လိုက်လံတပ်ဆင်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် အတွင်းရှိ အောင်ဆန်းစျေး၊ မြသာယာစျေး၊ မြို့မစျေး၊ လယ်ယာသုံးစျေး၊ ပုလဲမြစျေး၊ လှိုင်မင်္ဂလာစျေး၊ ကူးတို့စျေး၊ ကုန်စိမ်းစျေး၊ ညောင်ပင်ကြီး/ လေးစျေး၊ နေရှင်နယ်ပျံကျစျေး၊ မရမ်းကုန်းစျေး၊ ကံ့ကော်မြိုင်စျေး၊ ဒိုဘီကုန်းစျေး၊ ဘုရားချောင်းစျေး၊ ကွယ်လွယ်စျေးများတွင် ပြည်သူများ ကိုဗစ်−၁၉ ကြိုတင်ကာကွယ်နိုင် စေရေန်အတွက် Mask(နှာခေါင်းစည်း) တပ်ဆင်ထားခြင်း မရှိသည့်စျေးသည်များထံမှ စျေးဝယ်ယူခြင်းမပြုရန် အသိပေး ပိုစတာများကို အများမြင်တွေ့နိုင်သည့်နေရာများတွင် တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ကေခိုင်သက်ဝေ(မြောင်းမြ)