မယ်စဲ့မြို့နယ် လမ်းဆုံကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ပြန်လည်ထုတ်ချေး

မယ်စဲ့  ဒီဇင်ဘာ ၂၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  အရင်းမပျောက် လည်ပတ် ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လမ်းဆုံကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ဆဌမအကြိမ် ချေးငွေပြန်လည်ထုတ်ချေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီက လမ်းဆုံကျေးရွာ ခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဦးငြိမ်းထက်အောင်က ငွေချေးယူသူ အသင်းသားများ အနေဖြင့် ချေးငွေများအား မိမိတို့လုပ်ငန်းတွင် အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ မြစိမ်းရောင်စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဦးစီးဌာနနှင့် ကျေးရွာကော်မတီများနှင့်သာ ဆောင်ရွက်၍ မရကြောင်း၊ ကျေးလက်နေပြည်သူများက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် စီမံကိန်းရန်ပုံငွေများ အရင်းမပျောက် ရေရှည်တည်တံ့စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးနှင့် နောင်သားစဉ်မြေးဆက်အထိတိုင် ရန်ပုံငွေကို ကောင်းစွာ အသုံးချစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အဆင့်မြစိမ်းရောင်စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့က ငွေချေးယူသူအသင်းသားများအနေဖြင့် မိမိတို့ဆောင်ရွက်လိုသည့် စိုက်ပျိုးရေးနှ င့်မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်သည့် နည်းပညာများကို ဌာနနှင့်ဆက်သွယ်၍ ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အဆင့်မြစိမ်းရောင်စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီက ကျေးရွာအဆင့် ကော်မတီများ ထံသို့ ရန်ပုံငွေလွဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာ ကော်မတီများ မှတစ်ဆင့် ငွေချေးယူသူ အသင်းသားများထံသို့ ချေးငွေထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

လမ်းဆုံကျေးရွာ ဆဋ္ဌမအကြိမ် မြစီမ်းရောင်စီမံကိန်း ငွေထုတ်ချေးယူရာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၂၂ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၃ ဦး၊ စုစုပေါင်း ငွေချေးယူသူ ၃၅ ဦးအား ချေးငွေ ကျပ် သိန်း ၃၇၀ ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)