လယ်ဝေး ဒီဇင်ဘာ ၂၅
၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျရောက်ခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ပြည်ထောင်စုနယ် မြေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ယမန်နေ့ နံနက်(၁၁)နာရီခွဲက မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းထွေးက ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ ဥပဒေ၊ နည်းဥပဒေများကို လိုက်နာကျင့်သုံးပြီး သတ်မှတ်ထားသော ရွေးကောက်ပွဲ စံ(၅)ချက်နှင့်အညီ ဆောင်ရွက်နိုင်မှု၊ ကိုဗစ်-၁၉ရောဂါ ကပ်ဆိုးကြီးဖြစ်နေစဉ်ကာလတွင် ရွေးကောက် ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်မှုတို့ကြောင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက မြို့နယ်ရွေးကောက်ကော်မရှင်အဖွဲ့ခွဲနှင့်လက်တွဲပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို အောင်မြင်စွာ ကြီးကြပ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် တာဝန်ရှိသူများက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ဝင်း၊ အတွင်းရေးမှူး ဦးဇော်နိုင်ဦးနှင့် အဖွဲ့ဝင်(၅)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။
နေဇော်ချစ်(ပြန်/ဆက်)