ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဒေးဒရဲ  ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က ဧရာဝတီတိုင်း ဒေသကြီးအစိုးရ အဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့မှ ထုတ်ပြန်ထားသော ညွန်ကြားချက်များကို ရှင်းလင်းပြောကြား ၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရက ထောက်ပံ့ ပေးအပ်ငွေများနှင့် ပတ်သက်၍ ကျေးရွာများမှ တိုင်ကြားလာသည့် ကိစ္စရပ်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသောက်ဆိုင်များအား စစ်ဆေးမှုအခြေအနေများ၊ ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကျန်းမာရေးစံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရေး ကိစ္စရပ်များ စသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကော်မတီဝင်များက ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက် အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)