တောင်သာမြို့နယ်တွင် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ (၄)ဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပြု

 တောင်သာ  ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၄)ဦး သတ်မှတ်ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက်(၁၀)နာရီက ဆေးရုံဆင်းခွင့်ရရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။

အဆိုပါလူနာများသည် Community Base Facility Quarantine များတွင် ဝင်ရောက်နေသူများနှင့် ကျောက်ချောယာဉ် စစ်ဆေးရေးဂိတ်တို့တွင် ရောဂါပိုးတွေ့ရှိခဲ့သူ ကျား(၂)ဦး၊ မ(၂)ဦး ရောဂါပိုး တွေ့ရှိသဖြင့် ဒီဇင်ဘာ(၁၄)ရက်နေ့က တောင်သာမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီး သတ်မှတ်ရက်ပြည့်၍ ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့ပြီး မိမိနေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်သွားရမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ များမှ မှာကြားခဲ့ကြောင်းသိရသည်။

တောင်သာမြို့နယ်တွင် ပိုးတွေ့လူနာစုစုပေါင်း(၁၂၆)ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရရှိသည့် လူနာ (၉၄)ဦး၊ သေဆုံးသူ(၁)ဦးနှင့် ဆေးကုသမှုခံယူလျက်ရှိသည့် ပိုးတွေ့လူနာ(၃၁)ဦး ကျန်ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)