ကျုံပျော် ဒီဇင်ဘာ ၂၅
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ Facility Quarantine Centre များအတွက် ကျပ်(၂၅) သိန်းခန့်တန်ဖိုးရှိ စားသောက်ကုန်များလှူဒါန်းခြင်းကို ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာ ၂၃ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှူဒါန်းပစ္စည်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် မန်းဂျော်နီနှင့် မန်းဇော်မျိုးအောင်တို့က မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေထံသို့ ထပ်ဆင့်လွှဲပြောင်း လှူဒါန်းပေးခဲ့ပြီး မြို့နယ်အတွင်းရှိ Facility Quarantine Center များသို့ ထပ်မံခွဲဝေ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှူဒါန်းပစ္စည်းများတွင် ၂၄ ပြည်ဝင် ဆန် (၃၀) အိတ် ၊ ဆီ (၁၂) ပိဿာ ၊ ကြက်သွန်နီ (၂၀) ပိဿာ ၊ ကြက်ဥ (၅၀၀၀) လုံး ၊ ခေါက်ဆွဲ (၃၀၀၀) ထုပ် စုစုပေါင်း တန်ဖိုးကျပ် (၂,၄၉၉,၄၀၀) ဖြစ်ပြီး အဆိုပါလှူဒါန်းပစ္စည်းများကို မြို့နယ် ရှိ Facility Quarantine Center (၁၀)ခု ရှိ လူဦးရေ (၄၅၀)ခန့် နှင့် volunteer (၆၉) ဦးတို့အတွက် လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)