ပျဉ်းမနား ဩဂုတ် ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံတော် က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP)အရ ကျေးလက်ဒေသနေ လုပ်ကွက်ငယ်တောင်သူများနှင့် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအတွက် လိုအပ်သောအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ကျေးရွာ (၉)ရွာအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်က စီမံကိန်းကျေးရွာများတွင် လက်ရှိဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကာ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း ကျေးရွာများကို ဩဂုတ်လ ဒုတိယအပတ်တွင် ထုတ်ချေးပေးနိုင်ရန်နှင့် မြို့နယ်ကော်မတီများက စီမံကိန်း ကျေးရွာများသို့ ဩဂုတ် ၅ ရက်နေ့တွင် အတည်ပြုကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ကော်မတီဝင်ဌာန ဆိုင်ရာများ က လိုအပ်သည်များကို ဆွေးနွေးအကြံပြုခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)