မိုင်းခုတ် ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကျေးရွာ(၇)ရွာ လူဦးရေ(၁၁၇၉)ဦးတို့ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် ဝမ်ကောင်း-ပါမူကျောက်ခင်းလမ်း ဆောင်ရွက်နေမှုအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဝမ်ကောင်း-ပါမူလမ်း အရှည်(၃)မိုင်တွင် (၂)မိုင်အပြီးသတ် ကျောက်ခင်းခြင်း၊ အရှည်(၁၀) ပေကွန် ကရစ်တံတား(၁)စင်းနှင့် (၅)ပေ Box Culvert (၄)စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ်(၃၇၇.၅)သန်းဖြင့် တော်ဝင်တန့်ဆိုင်ကုမ္ပဏီက တာဝန်ယူဆောင် ရွက်လျက်ရှိရာ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့်တာဝန်ရှိသူတို့က ယမန်နေ့ကကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီပြီးစီးရေး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပါက ဝမ်ကောင်း၊ မာမှုအဲ၊ ဟားကွယ်၊ နားခုမ်း၊ ပါမူ၊ ထူးကွေနှင့် မယ်တေးကျေးရွာရှိ အိမ်ခြေ(၂၀၂)အိမ်၊ လူဦးရေ(၁၁၇၉)ဦးတို့အတွက် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့လာပြီး ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်လာပြီး လူမှုစီးပွားဘဝများ တိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။
စိုးတင့် (ပြန်/ဆက်)