ကန်ကြီးထောင့် ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ သည်။
အဆိုပါ အစီအစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးက ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အသိပညာ၊ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ အွန်လိုင်းမှတစ်ဆင့် အပတ်စဉ်တိုင်း အသိပညာပေး အစီအစဉ်များစွာနှင့် Talk Show များ ရိုက်ကူးတင်ဆက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များအကြောင်း၊ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP)အရ မြို့နယ်အတွင်း ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်အဖော်ဆောင်ရွက်ခဲ့မှုများ၊ ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လမ်း၊ တံတား၊ မီးလင်းရေး၊ ရေရရှိရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးနေမှုများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို အသိပညာပေး ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show အစီအစဉ်ကို IPRD Kangyidaunt Facebook Page နှင့် Kangyidaunk Library Facebook Page တို့မှ အွန်လိုင်းစနစ်ဖြင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)