မြိတ်မြို့တွင် မီးဘေးအန္တရာယ်တားဆီးရေးအတွက် မီးငြှိမ်းသတ်ရေပိုက်ငုတ်များနှင့် ရေရရှိနိုင်သော နေရာများအား ကြည့်ရှုစစ်ဆေး

မြိတ်  ဒီဇင်ဘာ  ၂၅

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေး၊ မီးငြှိမ်းသတ်ရေးဆောင်ရွက်ရာတွင် ရေလုံလောက်စွာရရှိရေးနှင့် ရေရရှိနိုင်သည့်နေရာများ၌ အသင့်ဖြစ်စေရေးအတွက် မြိတ်မြို့ ရပ်ကွက်များတွင် တပ်ဆင်ထားသည့် မီးငြိမ်းသတ် ရေပိုက်ငုတ်များနှင့် ရေရရှိနိုင်သော နေရာများအား ဒီဇင်ဘာလ(၂၄)ရက်  က မြိတ်ခရိုင် မီးသတ်ဦးစီးဌာမှူး ဦးဇော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ကန်တော်မင်္ဂလာရေကန်တွင် မီးသတ်ဦးစီးဌာနမှ အပေါ့စားရေစုပ်စက်(၂)လုံးဖြင့် ရေစုပ်တင် မီးငြှိမ်းသတ် သရုပ်ပြဆောင်ရွက်ခြင်း၊ ရေကန်မှ ထားဝယ်စု ရပ်ကွက်အတွင်း မီးငြှိမ်းသတ်ရန်နှင့် မီးသတ်ယာဉ်ရေ ဖြည့်ပေးနိုင်ရန်အတွက် မီးငြှိမ်းသတ်ရေပိုက်ငုတ်များသို့ တစ်မိနစ်ရေဂါလံ(၅၀၀) စုပ်တင်ပေးပို့နိုင်သည့် အပေါ့စား ရေစုပ်စက်နှင့် သွယ်တန်း တပ်ဆင်ထားသည့် မီးငြှိမ်းသတ်ရေပိုက်ငုတ်များ၊   ကမ်းနားလမ်းရှိ   မီးငြှိမ်းသတ် ရေပိုက်ငုတ်များ၊ အလယ်ကျွန်းရပ်ကွက်အတွင်း မီးငြှိမ်းသတ် ရေပိုက်ငုတ်များ တပ်ဆင်ထားရှိမှုနှင့်ရေရရှိနိုင်သည့် သဘာဝရေကန်၊ မီးသတ်ရေကန်များအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြိတ်မြို့တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေးအတွက် ထားဝယ်စုရပ်ကွက်အတွင်း မီးသတ် ရေပိုက်ငုတ်(၆)ခု၊ ကမ်းနားလမ်းရှိ မီးသတ်ရေပိုက်ငုတ်(၂)ခု၊ အလယ်ကျွန်း၊ ကြောင်ငယ်၊ ကန်ဘောင်ရိုးရပ်ကွက်တို့တွင် မီးသတ်ရေပိုက်ငုတ်(၁၁)ခုတပ်ဆင်ထားရှိသည်။ ထို့အတူ မြိတ်မြို့၌ မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေးအတွက် အရန်မီးသတ်စခန်း(၈)ခုတို့တွင် မီးငြိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း(၁၅)စီး၊ မီးသတ်ဦးစီးဌာနတွင် မီးငြှိမ်းသတ်ယာဉ် (၁၁)စီးတို့ဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ထူး (မြိတ်)