မိုးနဲမြို့၌ လူထုကျန်းမာရေးလုပ်သား အခြေခံသင်တန်းဖွင့်ဆင်းပွဲကျင်းပ

မိုးနဲ   ဒီဇင်ဘာ   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် မာရီစတုပ်(စ်)မြန်မာ (MARIE STOPES MYANMAR)နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပဏာမကျန်းမာရေးစောင့်ရှောက်မှု များကို လူတိုင်းလက်လှမ်းမီမီ ရရှိနိုင်စေရေးအတွက် လူထုကျန်းမာရေးလုပ်သားအခြေခံသင်တန်း (CHW Basic Training)ဆင်းပွဲအခမ်းနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်  ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်က သင်ကြားပို့ချ ပေးခဲ့သော သင်ခန်းစာများကို မိမိတို့ကျေးရွာတွင် လက်တွေ့အသုံးချသွားနိုင်ရေးကို ပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး၊ မာရီစတုပ်(စ်) မြန်မာအင်တာနေရှင်နယ်မှ ဒေါက်တာဖြိုးသူအောင် တို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

သင်တန်းကို ကျန်းမာရေးအသိပညာ အဆင့်အတန်းမြင့်မားရေး၊ ကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေးနှင့်ကျန်းမာမှု ပြန်လည်ထူထောင်ရေး စသည့်ရည်မှန်းချက် (၄)ချက်နှင့် ဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၁၀ ဦးဖြင့် ရက်သတ္တပတ် လေးပတ်ကြာ စာတွေ့ လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)