မိုင်းယောင်းမြို့နယ် မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်

မိုင်းယောင်း  ဒီဇင်ဘာ ၂၅

မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စည်ပင်သာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့မဈေးအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်က မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးလောင်လျှင် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းများကိုဆွေးနွေးပြသပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းညို၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအားထူယာ၊ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးနှင့် ဝန်ထမ်းများ၊ ဈေးသူ ဈေးသားများက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းကို လက်တွေ့ ဆောင်ရွက်ကြသည်။

ထို့နောက် မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်နှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်၊ မီးသတ် ရေသယ်ယာဉ်များ အသုံးပြုပြီး မီးငြှိမ်းသတ်ခြင်း၊ ဘေးပတ်ဝန်းကျင်နေရာများတို့ မီးကူးစက်မှု မရှိစေရန် အပူချိန်လျှော့ချသော အနေအထားဖြစ်အောင် ရေပက်ဖျန်း ထားရှိခြင်းတို့ကို လက်တွေ့ သရုပ်ပြသခဲ့သည်။

စိုင်းအောင်ဇော်လင်း