မအူပင်မြို့တွင် ငါးမွေးမြူရေးလုပ်ငန်းရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အသိပညာပေးဟောပြော

မအူပင် ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ငါးမွေးမြူရေးကန်များနှင့် ငါးတင်ပို့သည့် လုပ်ငန်းများတွင် လုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များအား ကိုဗစ် -၁၉ ရောဂါကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မအူပင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနရုံး အစည်းအဝးခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံ ဦးဇော်မင်းက ငါးမွေးမြူရေး ကန်များနှင့် ငါးတင်ပို့သည့်လုပ်ငန်းများအား ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် တားဆီးနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ကြရန်နှင့် မိမိတို့လုပ်သားများအား ကျန်းမာရေး စောင့်ရှောက်မှု ဂရုပြု ဆောင်ရွက်ရန် ပြောကြားပါသည်။

၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ဝန်ကြီးဌာနနှင့် ဦးစီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ် - ၁၉ ရောဂါပိုးသည် အအေးဓာတ်ရှိသော နေရာများတွင် ကူးစက်မှုများပြားသဖြင့် လုပ်ငန်းရှင်များအနေဖြင့် အထူးဂရုပြုကြရန် ပြောကြားကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)