မန္တလေး ဒီဇင်ဘာ ၂၆
မန္တလေး၊အောင်မြေသာစံမြို့နယ်တွင်မြေပြင်၌အမှန်တကယ်ထောက်ပံ့ရမည့် အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းများ အပြီးသတ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ၂၅ရက်မွန်းလွဲ၂နာရီခွဲက အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဦးကတက်ရောက်အမှာစကားပြောကြားသည်။
ဆက်လက်၍အောင်မြေသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က မြို့နယ်အတွင်း ပဉ္စမအကြိမ်ထောက်ပံ့ငွေပေးအပ်ရာတွင် မြေပြင်၌အမှန်တကယ် ထောက်ပံ့ရမည့် စံသတ်မှတ်ချက် ညီညွတ်သည့်အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းများအားအဖွဲ့စနစ်ဖြင့်ပြန်လည်ကောက်ခံပြီး ကောက်ခံရရှိသည့် အိမ်ထောင်စုစာရင်းများအား အပြီးသတ်ညှိနှိုင်းအတည်ပြုပေးနိုင်ရန်နှင့် ပဉ္စမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် စနစ်တကျ ဖြစ်စေရေးတို့အတွက် အစည်းအဝေးခေါ်ယူခြင်းဖြစ်ပြီး ပြဿနာကင်းရှင်းစွာဖြင့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားကြရန်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက်အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးသိန်းသိန်းထွန်းကလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်ခြင်းဆောင်ရွက်သည်ထက် အစုအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းကပိုမို၍ ကောင်းမွန်ကြောင်း ပြောကြားပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်တိုင်ကြားစာစိစစ်ရေးအဖွဲ့၊ ရပ်ကွက်အလိုက် တာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာအဖွဲ့ခေါင်းဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)