မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်ထားသည့် လမ်းများမှ အိမ်ထောင်စုများအား စားသောက်ကုန်ပစ္စည်း ပေးအပ်လှူဒါန်း

မော်လမြိုင်ကျွန်း  ဒီဇင်ဘာ ၂၆

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်ထားသည့် အမှတ် ၁၀ရပ်ကွက်၊ ယင်းမာလမ်မှ အိမ်ထောင်စု ၅၆ စုအတွက် စားသောက်‌ရေး အဆင်ပြေစေရေးရည်ရွယ်၍ အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီ အချိန်က ပေးဝေ လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် ရွှေပြည်တန်ဆရာတော်ကြီးဦးထိပ်ထား၍ တပည့်သံဃာများနှင့် ဦးဟော်ကီ+ဒေါ်မာမာဝေ၊ ဦးခင်ကြွယ်+ဒေါ်ယဉ်ယဉ်နွဲ့၊ ကိုအေးမင်း မိသားစုများမှ အိမ်ထောင်စုတစ်စုလျှင်   ဆန် ၃ ပြီ၊  ဆီ ၂၅ ကျပ်သား၊  ကြက်သွန်နီ ၅၀ကျပ်သား၊  ပဲနီလေး ၅၀ကျပ်သားနှင့် အိုင်အိုဒင်းဆား ၁ ထုပ်  စုစုပေါင်း ၅မျိုးအား ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ထောက်ပံ့လှူဒါန်းခဲ့သည်။ မော်လမြိုင်ကျွန်းမြို့နယ် တွင် ယနေ့အချိန်အထိ ကိုဗစ်ပိုးတွေ့ရှိသူ (၄၄၈)ဦး ကျန်းမာစွာဖြင့် ဆေးရုံဆင်းသူ (၄၀၂) ဦး၊ ဆေးကုသမှုခံ ယူဆဲပိုးတွေ့လူနာ(၄၃)ဦးရှိကာ အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ရောဂါအခံရှိသူ ၃ ဦးသေဆုံးမှု ရှိကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)