သာစည်မြို့နယ်တွင် ပထမအကြိမ်မဲစာရင်းများကြေညာထားရှိမှု ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

သာစည်    ဩဂုတ်   ၅

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာထားရှိမှုများကို  ယမန်နေ့နံနက် ၈ နာရီခွဲက ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်  ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးမြထွန်း၊  အတွင်းရေးမှူး ဦးမျိုးမင်းထိုက်နှင့် အဖွဲ့ဝင်များက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးနှင့်အဖွဲ့ဝင်များလိုက်ပါပြီး ကွမ်းခြံရိုးကျေးရွာ အုပ်စု၊သာစည်မြို့ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်တို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိရာ နေရာများသို့    သွားရောက်ကာ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံပြီး မဲဆန္ဒရှင်ဦးရေ၊ မဲရုံအရေအတွက်၊ မဲစာရင်း လာရောက်ကြည့်ရှုမှုအခြေအနေ၊ ပုံစံသုံးမျိုးဖြင့်လျှောက်ထားသည့်အခြေအနေများ၊ မှတ်ပုံတင်အမှတ် ဖြည့်သွင်းရန် လိုအပ်သည့် မဲဆန္ဒရှင်ဦးရေနှင့် တွေ့ကြုံရသည့်အခက်အခဲများကို မေးမြန်းပြီး မှတ်ပုံတင်ရရှိရေးနှင့်အခက်အခဲများ အဆင်ပြေစေရေးတို့အတွက်တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တက်ရောက်ကြပြီး မှတ်ပုံတင်အမှတ် ဖြည့်သွင်းရန် လိုအပ်သည့် မဲ ဆန္ဒရှင်များ မှတ်ပုံတင်ရရှိရေး၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ တာဝန်ပေးနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မိမိတို့နယ်မြေအလိုက် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သာစည်မြို့နယ်တွင်  မဲရုံပေါင်း ၂၅၀ ရှိပြီး မဲဆန္ဒရှင် ၁၅၂၂၅၇ ဦးရှိကြောင်းနှင့် ဩဂုတ်လ ၃ ရက်နေ့အထိ မဲစာရင်း လာရောက်ကြည့်ရှုသူ ၃၉၆၆၇  ဦး ရှိကြောင်းသိရသည်။                  

  ထွန်းထွန်း(သာစည်)