ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မမြဆည်ရေလှောင်တမံမှ နွေစပါး ဧက(၅၀၀၀)ကျော်စိုက်ပျိုးရန် ရေပေးဝေသွားမည်

မြန်အောင် ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မမြဆည်ရေလှောင်တမံမှ မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ် အတွင်း နွေစပါး ဧက(၅၅၀၀) စိုက်ပျိုးရန် ရေပေးဝေသွားမည်ဖြစ်ကြောင်း မမြဆည်မှ ဦးစီးအရာရှိ ဦးဝင်းထွဋ်ဝင်း ထံမှသိရသည်။

ယခုနှစ် နွေစပါးစိုက်ပျိုးရန် မမြဆည်ရေလှောင်တမံမှ ရေလှောင်ပမာဏ (၇၁၄၀၀) ဧကပေ သိုလှောင် ထားရှိပြီး  ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ရေပေးဝေမည်ဖြစ်ကြောင်း အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးမည့် ဆည်ရေသောက်ကျေးရွာများရှိ WUG အဖွဲ့များအား တွေ့ဆုံ ပြောကြား ထားပြီးဖြစ်ကြောင်း၊ တောင်သူများ၏ တင်ပြတောင်းဆိုချက်အရ မြန်အောင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၅) အုပ်စုတွင် နွေစပါး (၃၅၀၀) ဧက၊ အင်္ဂပူမြို့နယ်အတွင်း ကျေးရွာအုပ်စု (၅) အုပ်စုတွင် နွေစပါး(၂၀၀၀)ဧက စိုက်ပျိုးနိုင်ရန် မမြဆည်ရေလှောင်တမံမှ ရေပေးဝေသွားမည်ဖြစ်ကြောင်းနှင့်‌  လက်ဝဲ လက်ယာ မြောင်းမကြီးများ အပါအဝင် လက်တံမြောင်းများနှင့် တိုက်ရိုက်လက်တံခွဲမြောင်းများ ရေစီးရေလာ ကောင်မွန်ရေး ဆောင်ရွက်ထားရှိ‌‌ကြောင်း မမြဆည်မှ ဦးစီးအရာရှိ ဦးဝင်းထွဋ်ဝင်း ထံမှသိရှိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)