သီပေါမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့်ဖွင့်လှစ် ရောင်းချခွင့်ပြုနိုင်ရေး ကွင်းဆင်း စစ်ဆေး

သီပေါ ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုနိုင်ရေးအတွက်  မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များနှင့် မြို့နယ် စည်ပင်သာယာရေး ဌာနမှ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

သီပေါမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင် (၂၁)ဆိုင်အား ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏သတ်မှတ်ထားသည့် စည်းကမ်းချက် Version 2.0နှင့် အညီ ဆောင်ရွက် ထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကာ သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိရပါက ဆိုင်ထိုင်ရောင်းချခွင့် ပိတ်သိမ်းသွားမည်ကို  သိရှိကြောင်း ဆိုင်ရှင်များအား ဝန်ခံကတိ ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့သည်။

သီပေါမြို့နယ် အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအားလုံးကို စက်တင်ဘာလ ၂၅ရက်နေ့မှစ၍ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုစေပဲ Take Away စနစ်ဖြင့်သာ ရောင်းချစေခဲ့ပြီး   ယခင်ကဲ့သို့ ပြန်လည်ရောင်းချ နိုင်စေရေးအတွက်  ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို မြို့နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ဆက်လက်တင်ပြပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကော်မတီ၏ခွင့်ပြုချက်ရမှသာ ဆိုင်ထိုင်ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်စည်ထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)