လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်း တောင်းခံခွင့်ရှိသော အလုပ်ဌာနများ အနေဖြင့် အမြန်ဆုံးလျှောက်ထားရန်လို

မန္တလေး ဒီဇင်ဘာ  ၂၆

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော လူမှုဖူလုံရေးကြေး ပုံမှန်ပေးသွင်းသည့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန များ ရှိ အာမခံအလုပ်သမားများအနက် Stay at Home ၃မြို့နယ် အစီအစဉ်တွင် အကျုံးဝင်သော သတ်မှတ်ချက်နှင့်အညီ ထည့်ဝင်ကြေးပေးသွင်းထားပြီး တောင်းခံခွင့်ရှိသည့် အလုပ်ဌာနများအနေဖြင့် လျှောက်ထားတောင်းသွားရန်လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံ ရေးရုံးမှသိရသည်။

“ခွင့်ပြုမိန့်တွေရဖို့ အလုပ်ဌာနတွေအနေနဲ့ လာရောက်လျှောက်ထားပေးဖို့လိုပါတယ်၊ နယ်မြေဒုတိယဦးစီးမှူးတွေကလည်း ၄၀ရာခိုင်နှုန်းတောင်းခံရမယ့် အလုပ်ဌာနတွေကို ဖုန်းဆက်အကြောင်းကြားနေကြပါတယ်၊ တောင်းခံဖို့ကအလုပ်ဌာနတွေရဲ့ တာဝန်ဖြစ်ပါတယ်၊ တောင်းခံတဲ့ နောက်ဆုံးရက်မသတ်မှတ်သေးပါဘူး၊ ဒါပေမယ့် ဒီဇင်ဘာလကုန်ကို လျာထားသတ်မှတ်ထား တယ်လို့သိထားရတဲ့အတွက် အမြန်ဆုံးလာ ရောက်လျှောက်ထားဖို့လိုပါတယ်၊ အဲဒီရက်မတိုင်ခင် ပေးပို့ထားမှသာ ရုံးချုပ်ကို အချိန်မီ ပေးပို့နိုင် မှာဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းတာဝန်ခံအရာရှိ ဒေါ်လွင်လွင်မြင့်က ပြောကြားခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင် မှတ်ပုံတင်ထားသော လူမှုဖူလုံရေးကြေးပုံမှန်ပေးသွင်းသည့် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများအနက် Stay at Home အစီ အစဉ်တွင် အကျုံးဝင်သော သတ်မှတ်ချက်နှင့်အညီ ထည့်ဝင်ကြေးပေးသွင်းထားသူများအနေဖြင့် အလုပ်သမားလစာ၏ ၄ဝရာခိုင်နှုန်းကို အလုပ်သမားနှင့်မိသားစုအတွက် ငွေကြေး ထောက်ပံ့မှု ခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးသွားမှာဖြစ်ပြီး လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ရာခိုင် နှုန်းတောင်းခံခွင့် ရှိသော အလုပ်ဌာနများ အနေဖြင့် အမြန်ဆုံးလျှောက်ထားသွားရန် လိုအပ်သည်။

 “Stay at homeနဲ့ အကျုံးဝင်တဲ့ မြို့နယ်တွေမှာ မဖြစ်မနေပိတ်ရမယ့် ဌာနတွေက ၄၀ရာခိုင် နှုန်းရမှာပါ၊ ၆/၂၀၂၀ ထည့်ဝင်ကြေးပေးသွင်းပြီးတော့ ပိတ်ရမယ့်ဌာန Stay at home မြို့နယ်မှာ ပါတဲ့ ဌာနတွေကိုပေးမှာပါ၊ မန္တလေးတိုင်းမှာ မဟာအောင်မြေ၊ ချမ်းအေးသာစံနဲ့ အမရပူရ အဲဒီ ၃ မြို့နယ်အတွက် ၄၀ ရာခိုင်နှုန်းလျှောက်ရမယ့်မြို့နယ်ရုံးခွဲတွေက အမရပူရမြို့နယ်ရုံးနဲ့ မန္တလေး ရုံးခွဲ ၂တို့ဖြစ်ပါတယ်၊ ရုံးချုပ်က နောက်ဆုံးသတ်မှတ်လိုက်တဲ့ရက် နောက်ပိုင်းမှာ ၄၀ရာခိုင်နှုန်း လျှောက်ထားမယ်ဆိုရင် ရုံးခွဲအနေနဲ့ရော လျှောက်ထားတဲ့သူတွေအနေနဲ့ပါ အဆင်မပြေမှုတွေဖြစ်သွားနိုင်ပါတယ်”ဟု ဆက်လက် ပြောသည်။

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင် ထားသော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများ အနက် Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားအတွက် ၂၀၂၁ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ-၁ဝဝပါ လုပ်ပိုင်ခွင့် များကို ကျင့်သုံး၍ ဥပဒေပုဒ်မ ၃၁(ခ)(၂)နှင့် နည်း ဥပဒေ၁၃၆(ခ)တို့အရ ၆/၂၀၂၀လမတိုင်မီ ထည့်ဝင်ကြေးငွေ အနည်းဆုံး ၃၆လ ပေးသွင်းထားခြင်း မရှိစေကာမူ ၆/၂၀၂၀လအတွက် ထည့်ဝင်ကြေး ပေးသွင်း ထားပြီး ၂၀၂ဝခုနှစ် စက်တင်ဘာလ ၂၃ရက်နေ့အထိ အလုပ်လုပ်ကိုင်နေသည့် အာမခံအလုပ်သမားများအား ၆/၂၀၂၀လအတွက် ပေး သွင်းထားသော လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်း အာမခံအလုပ်သမားနှင့် မိသားစုအတွက် ငွေကြေးထောက်ပံ့မှုခံစားခွင့် အဖြစ်ခွင့်ပြု ထုတ်ပေးလျက်ရှိသည်။

ထိပ်ထားနိုင်