ကော့သောင်း ဒီဇင်ဘာ ၂၆
ကော့သောင်းမြို့ရှိ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စားသောက်ရေး ကိစ္စများ တစ်စိတ်တစ်ဒေသအဆင်ပြေကြစေရန် မြို့နေ ပြည်သူများအား အခြေခံစားကုန်များ တစ်ပိုင်တစ်နိုင် အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့လှူဒါန်းလျှက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ ဆယ်မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒကျေးရွာပြည်သူများသို့ အခြေခံစားကုန်များ လိုက်လံဖြန့်ဝေ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပရဟိတ အဖွဲ့သည် မြို့မိမြို့ဖအလှူရှင်များ ဝိုင်းဝန်းပူးပေါင်းလှူဒါန်းကူညီမှုဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလ အစပိုင်းကတည်းက ဟင်းစားငါးများလှူဒါန်းခြင်း၊ အခြေခံစားကုန်များ လှူဒါန်းခြင်းနှင့် ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အခြေခံလူတန်းစားအလွှာအတွင်း အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့လှူဒါန်းမှုအဖြစ် အိမ်ခြေ၂၀၀ကျော်ခန့်ရှိ ပင်လယ်ကမ်းနားရွာ တစ်ရွာဖြစ်သည့် တာညုံပါဒကျေးရွာအတွင်း ကျေးလက်ပြည်သူအိမ်ထောင်စုများသို့ အခြေခံစားကုန် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များကို အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့လှူဒါန်း ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)