ဒီးမော့ဆို ဒီဇင်ဘာ ၂၆
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသ စောင့်ရှောက်မှု ခံယူနေ သော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၈ ဦးသည် ရောဂါလက္ခဏာများ သက်သာပြီဖြစ်သည့်အတွက် ယနေ့ နံနက် ၁၀ နာရီခွဲက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
“ဒီးမော့ဆိုမြို့နယ်မှာ ဆေးဝါးကုသစောင့်ရှောက်မှု ခံယူနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၈ ဦးသည် ရောဂါလက္ခဏာ သက်သာလာပြီဖြစ်သည့်အတွက် ဒီနေ့ မနက်မှာဘဲ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်၊ သူတို့ကို ငွေတောင်ပြည်နာရေးကူညီမှုအသင်းနှင့် ဖြူစင်မေတ္တာနာရေး ကူညီမှုအသင်း မော်တော်ယာဉ် များဖြင့် လွိုင်ကော်မြို့ လူငယ်သင်တန်းကျောင်း (န.တ.လ)သို့ ပို့ဆောင်ပြီး ၇ ရက်တိတိ ထပ်မံ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်၊ ယခုဆိုရင် ဒီးမော့ဆိုမှာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ မကျန်ရှိတော့ပါဘူး” ဟု မြို့နယ်ပြည်သူ့ ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာ စိုးမင်းထွေး က ပြောကြားခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၈) ဦးသည် ပဲခူးတိုင်းဒေသကြီးမှ လမ်းလုပ်ငန်း ဆောင်ရွက်ရန် လာရောက်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်တွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခြင်းမရှိဘဲ ဒီဇင်ဘာ ၁၃ ရက်တွင် ဒုတိယအကြိမ် ဓာတ်ခွဲနမူနာရယူ၍ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (တောင်ကြီး)သို့ ထပ်မံပေးပို့ စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)