မယ်စဲ့ ဒီဇင်ဘာ ၂၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လျှပ်စစ်ဓာတ်အား မရရှိသေးသူပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲ နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ကျောက်စုကျေးရွာတွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ရေးအတွက် ယနေ့နံနက် ၁၁ နာရီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
အဆိုပါ အဖွဲ့သည် ကျောက်စုကျေးရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူပြီး လုပ်ငန်းဆောင်ရွက်မည့် ၃၃ ကေဗွီ ဓာတ်အားလိုင်း အရှည်ပေ ၁၂၀၀ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း၊ ၃၃/၀.၄ ကေဗွီ ၁၆၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းလုပ်ငန်း၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း အရှည် ပေ ၃၅၀၀ တိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်တွင် လုပ်ငန်းလိုအပ်ချက်များ မကျန်ရှိစေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ ကျေးရွာတာဝန်ခံက လိုက်လံရှင်းလင်းပြသခဲ့သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့သည် မယ်ဆည်နမ်ကျေးရွာနှင့် နမ့်ပိန်းလင်ကျေးရွာ ကြားရှိ လွယ်မောင်းလောင်း တောင် စေတီတော် လျှပ်စစ်ဓာတ်အားရရှိရေး ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)