ရွှေကူ သြဂုတ် ၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကော်မတီအစည်းအဝေးတွင် အမျိုးသမီးနှင့်ကလေးသူငယ်များ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ၊ ကလေးသူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကလေးသူငယ်များ၏ အကာအကွယ်ရရှိမှုများ၊ အရွယ်မရောက်သေးသော ကလေးသူငယ်များအား အလုပ်လုပ်ခိုင်းစေခြင်း၊ လူကုန်ကူးမှုနှင့် လိင်ပိုင်းဆိုင်ရာများ၌ အသုံးပြုခြင်းမှ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများ၊ ကိုယ်အင်္ဂါ မသန်စွမ်းသော ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးတို့ကို ကူညီ ဆောင်ရွက်ပေးသည့် လုပ်ငန်းများ၊ ကလေးသူငယ်များအတွက် အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်မှုများ၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ ကျန်းမာရေး အဟာရပြည့်ဝရေး၊ ပညာသင်ယူမှု အခွင့်အလမ်းရရှိရေးအပါအဝင် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်မှုများအား ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်း ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)