မြောင်းမြ ဒီဇင်ဘာ ၂၇
မြောင်းမြခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါသည် ဒေသတွင်း ကူးစက်မှုများ ရှိလာသဖြင့် ကိုဗစ်-၁၉ အရေးပေါ် လူနာများ ထားရှိသည့် Isolation Ward အား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အဦ ပြင်ဆင်ခြင်းကို မြောင်းမြမြို့နှင့် အခြားဒေသမှ အလှူရှင်များ၊ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် ၏ ကူညီဆောင်ရွက်မှုများနှင့် ဌာနရန်ပုံငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပုသိမ် ဆေးရုံကြီးရှိ Isolation Ward အား သွားရောက်လေ့လာ၍ အလားတူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း လူနာ(၈)ဦး ထားရှိကုသနိုင်ပြီး အောက်ဆီဂျင်ပေးသည့် စနစ်ကို အဆောက်အဦအပြင်မှ အတွင်းပိုင်းသို့ ပိုက်လိုင်း သွယ်တန်း ပေးသည့်စနစ် ဆောင်ရွက်ထားရှိကြောင်း၊ လူနာများ အောက်ဆီဂျင် အခက်အခဲ မရှိစေရေး အတွက် (၄၀)လီတာဆံ့ အောက်ဆီဂျင်ဗူး(၁၀၀)ခန့် အသင့်စီစဉ်ထားရှိကြောင်း၊ ကုသရေးသုံး ပစ္စည်းများကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက် ပေးနိုင်ကြောင်း၊ ဒီဇင်ဘာ(၂၆)ရက်နေ့မှ စကာ ကိုဗစ်-၁၉ အရေးပေါ် လူနာများ အား အဆင့်မြင့်ကုသရေး ပစ္စည်းများ အသုံးပြု၍ စတင်ကုသပေးလျက်ရှိကြောင်း၊ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဝေလင်းအောင်နှင့် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနှစ်ဆန်းဦးတို့၏ ပြောကြားချက်အရ သိရသည်။
မြောင်းမြပြည်သူ့ဆေးရုံတွင် ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၉၈)ဦး၊ ရောဂါ သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ (၁၆၃)ဦး၊ ဆေးရုံတွင် တက်ရောက် ကုသဆဲလူနာ (၃၁)ဦးရှိကြောင်း သိရသည်။
စန္ဒာကြည် (ပြန်/ဆက်)