ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး နှာခေါင်းစည်း တပ်ဆင်ခြင်း လှုပ်ရှားမှုဆောင်ရွက်

ဟိုပုံး ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် နှာခေါင်းစည်း တပ်ဆင်ခြင်း လှုပ်ရှားမှုနှင့် အသိပညာပေး လုပ်ငန်းများကို မြို့မဈေးရှေ့နှင့် မြို့မ‌ဈေး အတွင်း၌ ယနေ့ နံနက်ပိုင်း ၇ နာရီအချိန်က ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ နှာခေါင်းစည်း တပ်ဆင်ခြင်း လှုပ်ရှားမှုနှင့် အသိပညာပေး လုပ်ငန်းများကို တောင်ကြီး ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့် နှင့် တာဝန်ရှိသူများ၊   မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ မောင်မောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်၊  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍  Surgical Masks(၂၆၅၀)ခု၊ ပိတ်စဖြင့်ချုပ်လုပ်ထားသည့် နှာခေါင်းစည်း Mask(၃၀၀)ခုနှင့် Face Shield (၃၀၀)ခု ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေအိမ်ပြင်ပသို့ သွားရောက်သည့်အခါ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသည့် လမ်းသွား လမ်းလာများ၊ မြို့နယ်ရှိ ပြည်သူများကို ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ခြင်း၊ လက်ကို ဆပ်ပြာ၊ လက်သန့်စင်ဆေးရည်ဖြင့် မကြာခဏဆေးကြောခြင်း၊ တစ်ဦးကိုတစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်း၊  မြို့မဈေးသို့ မဖြစ်မနေ ဈေးရောင်း/ဈေးဝယ်သူများ အနေဖြင့် နှာခေါင်းစည်းတပ်ဆင်၍ ဈေးရောင်း/ဈေးဝယ်မှုများ ဆောင်ရွက်စေခြင်း စသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဟိုပုံး(ပြန်/ဆက်)