နမ္မတူမြို့နယ် နမ့်တောင်ကုန်းကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဆောင်ရွက်

နမ္မတူ ဒီဇင်ဘာ ၂၇

Dan Church Aid –Norwegian Church Aid (DCA-NCA) ၏ ပံ့ပိုးမှုဖြင့် စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)နှင့် မိတ်ဆွေကောင်း လူမှု ကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ နမ့်တောင် ကုန်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်နှင့် မနန်းအေးနွမ်း တို့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး အကြောင်းအရာများအား မြန်မာဘာသာ ဖြင့် လည်းကောင်း၊ ရှမ်းဘာသာဖြင့် လည်းကောင်း အသိပညာပေး ဟောပြောခြင်းကို နမ္မတူမြို့နယ်ရှိ နမ့်တောင်ကုန်းကျေးရွာ၊ ပန်ဝိုးကျေးရွာ၊ နမ္မင်းဆော့ ကျေးရွာနှင့် ပန်သပြေ (မြောက်) ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။

ထို့အပြင် အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ၊ အသိပညာ ပေးဗွီနိုင်းများ၊ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျေးရွာ တစ်ခုစီအတွက် ခြေနင်းလက်ဆေးဘေစင်တစ်စုံ၊ Hand Speaker (၁)ခု၊ Memory Stick (၁)ခုနှင့် ရေမလို လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့် ထံမှ သိရသည်။

လူမော်(ပြန်/ဆက်)