ကန်ပက်လက် ဒီဇင်ဘာ ၂၇
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၌ တည်ဆောက်ရေး လုပ်ငန်းများ တည်ဆောက်ရန် လာရောက်သူများကို Facility Quarantine စင်တာသို့ ထားရှိပြီး Test Kit စစ်ဆေးခြင်းနှင့် Swab Test ပေးပို့ စစ်ဆေးခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄)ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
အဆိုပါ ပိုးတွေ့လူနာများမှာ မန္တလေးမြို့မှ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့ တွင် ကန်ပက်လက်မြို့သို့ ရောက်ရှိလာခဲ့ကြပြီး Test Kit စစ်ဆေးရာမှ တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျန်(၃) ဦးမှာ ရန်ကုန် အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနသို့ ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် Swab Test များ ပေးပို့စစ်ဆေးခဲ့ရာမှ ဒီဇင်ဘာလ (၂၆) ရက်နေ့ စစ်ဆေးချက်အဖြေအရ သိရှိရခြင်းဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီးက ပြောကြားသည်။
ကန်ပက်လက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလတစ်လျှောက်လုံး၌ အတည်ပြုလူနာ (၅) ဦးအထိ ရှိလာခဲ့ရာ (၁) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီး လက်ရှိတွင် အတည်ပြုလူနာ(၄) ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ရှောက်ထားကြပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြကြောင်း သိရသည်။
ကိုလိန်း(ပြန်/ဆက်)