တာလေမြို့တွင် ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူ (၄) ဦးကို အသွားအလာကန့်သတ် Quarantine ထားရှိ

တာလေ        ဒီဇင်ဘာ        ၂၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ များပြားနေသည့် ရန်ကုန်မြို့မှ လေကြောင်း ခရီးစဉ် ဖြင့် တာလေသို့ ပြန်လည်ရောက်ရှိလာသူ ၄ ဦးကို ယမန်နေ့ ညနေပိုင်းက အမှတ် (၂)ရပ်ကွက်ရှိ သတ်မှတ်နေရာတွင် အသွား အလာ ကန့်သတ် Quarantine ထားရှိထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ တာလေမြို့သို့ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူ (၄)ဦး အား အမှတ် (၂)ရပ်ကွက်အတွင်း သတ်မှတ်နေရာတွင် အသွားအလာကန့်သတ် Quarantine ထားရှိခြင်း ဖြစ်သည်။ ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူ (၄)ဦး တွင် အသက် (၉၀)နှစ်ခန့်အရွယ် လည်ချောင်းကင်ဆာ ရောဂါဝေဒနာ ခံစားနေရသူ တစ်ဦး ပါဝင်ကာ ရန်ကုန်မြို့တွင် ဆေးကုသမှုခံယူပြီး ၎င်းတို့နေထိုင်ရာ တာလေမြို့သို့ ပြန်လာကြခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ တာချီလိတ် လေဆိပ် အရောက်တွင် တာလေမြို့ လောကပါလ လူမှုကူညီရေး အသင်းက ကားဖြင့်သွား ရောက် ကူညီခေါ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာလေမြို့ အမှတ် (၂)ရပ်ကွက်သို့ ပြန်လည်ရောက်ရှိလာသူ (၄)ဦးအား မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို၏ မှာကြားဆောင်ရွက်မှု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဌာန တာဝန်ရှိသူများ ပေါင်းစပ် ဆောင်ရွက်မှုတို့ဖြင့် ကျန်းမာရေးစစ်ဆေးခြင်း များအဖြစ် ကိုယ်ပူချိန်များ တိုင်းတာပေး၍ သတ်မှတ်နေရာတွင် အသွားအလာကန့်သတ် Quarantine ထားရှိပြီး ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ စောင့်ကြပ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)