မိုင်းခတ်မြို့နယ် တောင်သူများအား EM ဘိုကာရှီမြေဆွေးပြုလုပ်နည်း အသိပညာပေးဆွေးနွေးပွဲပြုလုပ်

 မိုင်းခတ် ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် တောင်သူများအား EM ဘိုကာရှီမြေဆွေးပြုလုပ်နည်း အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက စွတ်ပလောင်းကျေးရွာအနီးရှိ မြို့နယ်အားကစားရုံ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က စိုက်ပျိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အဖွင့်အမှာပြောကြားခဲ့ပြီး မျိုးစေ့တာဝန်ခံ ဦးထွန်းလှ၊ ပိုးမွှားတာဝန်ခံဒေါ်လဲ့လဲ့ထွန်း၊ မြေအသုံးချရေး တာဝန်ခံဒေါ်ခင်ဌေးရီ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးယုမောင်နှင့်ဝန်ထမ်းများက EMဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲခြင်းကြောင့် လယ်ယာ​မြေများ၏မြေဆီသြဇာဓါတ်နှင့် မြေဆီလွှာဖွဲ့စည်းမှုများကို​ရေရှည်အသုံးပြုနိုင်​ရေး အတွက် ထိန်းသိမ်းထားနိုင်ခြင်းနှင့်တိုးတက်​အောင်ပြုပြင်​ဆောင်ရွက်​ပေးနိုင်ခြင်း၊ ဓါတ်​မြေသြဇာလိုအပ်ချက်ကို အတတ်နိုင်ဆုံး မှီခိုသုံးစွဲရမှုလျော့နည်းလာခြင်း၊​မြေသား တည်​ဆောက်မှု​ကောင်းခြင်း၊​ ရေနှင့်အာဟာရဓါတ်ကို​ကောင်းမွန်စွာ ထိန်းထားနိုင်ခြင်း၊​ ပေါင်း​စေ့အပင်​ပေါက်မြန်​စေပြီး ပေါင်းနှိမ်နင်းရာတွင် လွယ်ကူ​စေခြင်း၊သီးနှံပင်များ၏ ပင်ကြွင်းပင်ကျန်များဖြင့် သဘာ၀​မြေသြဇာပြုလုပ်ခြင်း​ကြောင့် ကုန်ကျစရိတ် သက်သာခြင်း၊ သဘာ၀​ဖြင့်ပြုလုပ်ထား​သော မြေသြဇာဖြစ်​သော​ကြောင့် လူသားများ အစားအစာ​ဘေးအန္တရာယ် ကင်းရှင်း​စေနိုင်ခြင်း စသည့်အကျိုး​ကျေးဇူးများကို အသိပညာ​ပေး​ဆွေး​နွေးခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများ သိလိုသည့်မေးမြန်းဆွေးနွေးမှုများကို ပြန်လည် ဖြေကြား ပေးခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုးဒေ (ပြန်/ဆက်)