မိုင်းယောင်း ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် လက်ဖက်ခင်းများ အထွက်နှုန်းတိုးတက်စေရန်အတွက် လက်ဖက်ကိုင်းဖြတ်နည်း သရုပ်ပြသခြင်းနှင့် ပျိုးထုတ်နည်း၊ စိုက်ပျိုးနည်း၊ သဘာဝမြေသြဇာ အသုံးပြုနည်းများကို ယမန်နေ့က ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်ပုံကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက လက်ဖက်ခြံတစ်ခြံ အထွက်နှုန်းတိုးရန်၊ အရည်အသွေး ကောင်းရန်၊ ခူးဆွတ်နည်း၊ ကိုင်းဖြတ်ပြုပြင်နည်း၊ သဘာဝမြေဆွေး အသုံးပြုနည်း၊ ပျိုးထုတ်ရာတွင် နောက်ချေး၊ ဖွဲ၊ မြေကြီး ရောစပ်ပျိုးထုတ်နည်းစသည့် လက်ဖက်စိုက်နည်းစနစ်များကို ရှင်းလင်း ပြောကြားပြီး လက်ဖက်ကိုင်းဖြတ်နည်း၊ ထိန်းသိမ်း ပြုပြင်နည်းများကို လက်တွေ့ သရုပ်ပြသခဲ့သည်။
လက်ဖက်ပင်များကို ကိုင်းဖြတ်ကတ်ကြေးဖြင့် စနစ်တကျ ကိုင်းဖြတ်ခြင်းအားဖြင့် လက်ဖက်ပင်အတွက် လေဝင်လေထွက် ကောင်းခြင်း၊ အညွန့်ပိုမိုသန်မာခြင်း၊ လက်ဖက်ညွန့်များလည်း ပိုမိုထွက်ရှိလာမည်ဖြစ်သည့်အပြင် ခူးဆွတ်ရမည့်အကြိမ် များပြားလာမည်ဖြစ်ကြောင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
“လက်ဖက်ကို မိရိုးဖလာနည်းနဲ့ သမားရိုးကျ စိုက်ပျိုးခြင်းမဟုတ်ဘဲ စိုက်ပျိုးတဲ့အခါမှာ အရည်သွေးကောင်းတဲ့ မိခင်ပင်ကို ရွေးချယ်ဖို့ လိုပါတယ်။ ဒါမှ မျိုးစေ့အဖြစ်သုံးမယ့် အသီးက အရည်အသွေးကောင်းမှ စိုက်တဲ့လက်ဖက်ပင်လည်း ကောင်းမှာ။ နောက်တစ်ခုက အတန်းလိုက်စိုက်တဲ့အခါ တောင်စောင်းတွေမှာ ကန့်လန့်စိုက်သင့်တယ်။ ဒေါင်လိုက်စိုက်ရင် မိုးရွာလို့ ရေတိုက် စားတဲ့အခါ မြေဆီမြေနှစ်တွေ ပါသွားတတ်တယ်။ လှေခါးထစ်ပုံစံ ဖြစ်သွားအောင် ပေါင်းပေါက်လိုက်ဖို့ လိုပါတယ်။ အဲဒါဆို အကန့်လိုက်ဖြစ်သွားပြီး မြေဆီလွှာထိန်းသိမ်းဖို့လည်း လွယ်သွားမယ်။ နောက် လက်ဖက်ပင်ကို ကိုင်းဖြတ်တဲ့အခါမှာ တချို့က ဓားနဲ့ရမ်းတော့ ကိုင်းပြတ်တာမညီဘဲ ထိပ်ကွဲပြီး မိုးရေဝင်လျှင် တစ်ချို့ကိုင်းတွေက ပုပ်သွားနိုင်ပါတယ်” ဟု ဦးကျော်ကျော်မိုး က ပြောကြားခဲ့သည်။
စိုင်းအောင်ဇော်လင်း