ဟိုမိန်းမြို့နယ် မယ်အောကျေးရွာအုပ်စု နားမွန်းလုံကျေးရွာ၌ တစ်အိမ်သုံးဆိုလာမီးဖွင့်ပွဲကျင်းပ

ဟိုမိန်း  ဒီဇင်ဘာ  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ မယ်အောကျေးရွာအုပ်စု နားမွန်းလုံကျေးရွာတွင် အမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း(NEP)ဖြင့် တစ်အိမ်သုံး ဆိုလာမီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၅) နာရီခွဲအချိန် က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုလာမီးဖွင့်ပွဲ အခမ်းအနားကို လင်းခေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်း၊ ကျေးရွာမီးလင်းရေးတာဝန်ခံ ဦးကျော်မျိုးလှိုင်နှင့် မယ်အောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ထွန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

"မိမိတို့ နားမွန်းလုံ ကျေးရွာသူရွာသားများအနေဖြင့် စိုက်ပျိုးရေး တောင်ယာလုပ်ငန်းကိုသာ အဓိကအားထားလုပ်ရသည့် ကျေးရွာဖြစ်သည့်အတွက် ငွေကြေးအနေဖြင့် အခက်အခဲရှိပါကြောင်း၊ ယခုလို ဆိုလာမီးဖြင့် တစ်ရွာလုံးအိမ်မီးများနှင့် လမ်းမီးများပါ အားလုံးရရှိလာပြီဖြစ်တဲ့အတွက် ကျေးရွာပြည်သူများအားလုံး ဝမ်းသာပျော်ရွှင်လျှက် ရှိပါကြောင်း၊ အခုလို ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာများအားလုံး ရွာလုံးကျွတ်ဆိုလာမီး ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြသော နိုင်ငံတော်နှင့် တကွ တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း "နားမွန်းလုံကျေးရွာနေ ဦးစိုင်းဇွမ် က ပြောပြခဲ့သည်။

ဟိုမိန်းမြို့အတွင်း ကျေးရွာအုပ်စု ၃ အုပ်စုရှိ ကျေးရွာ ၁၂ ရွာ၌ ဆိုလာမီးရရှိရေးကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဂျာမနီဖွံ့ဖြိုးရေးဘဏ် (KFW)အဖွဲ့ ထောက်ပံ့မှုနှင့် ကျေးရွာပြည်သူ များ ပူးပေါင်းထည့်ဝင်ငွေများဖြင့် NEP စီမံကိန်း(မဟာဓာတ်အားလိုင်းပြင်ပ) Solar Home System တစ်အိမ်သုံးဆိုလာစနစ်ဖြင့်  ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကျေးရွာ ၈ ရွာ၌ ဆိုလာမီးများတပ်ဆင် ဆောင်ရွက်ပြီးဖြစ်ကြောင်း လင်းခေးမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ထံမှ သိရသည်။

ရဲနောင်(ဟိုမိန်း)