နောင်ချိုမြို့နယ်ရှိ အင်းမ-ဘန့်ဘွေးကျင်း ရေတံခွန် သွားလမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

ကျောက်မဲ ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်နေသည့် အင်းမ- ဘန့်ဘွေးကျင်း ရေတံခွန်သွား မြေသားလမ်း ဖောက်လုပ်နေမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထက်၊ နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အင်းမ-ဘန့်ဘွေးကျင်း မြေသားလမ်းအား  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  နယ်စပ်ဒေသဖွံ့ဖြိုးရေး (ရှမ်းပြည်နယ်အစိုးရ) ရန်ပုံငွေကျပ် ၁၂၀ ဒဿမ ၄၇၈ သန်းဖြင့် Golden Decates ကုမ္မဏီမှ နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ဖောက်လုပ်လျက်ရှိပြီး လမ်းအရှည်မိုင် ၃ မိုင်၊ လမ်းအကျယ်ပေ ၃၀ ရှိကာ ဖေဖေါ်ဝါရီလ နောက်ဆုံးပါတ်အတွင်း အပြီးဖောက်လုပ်ရန် လျာထား ကြောင်း ကျောက်မဲခရိုင်  ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရသိရသည်။

နောင်ချိုမြို့နယ်ရှိ ဘန်ဘွေးကျင်းရေတံခွန်သည် နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်တွင်း အပန်းဖြေခရီးထွက်သူများ နှစ်သက်သည့်နေရာတစ်ခုဖြစ်ရာ အဆိုပါမြေသားလမ်း ဖောက်လုပ်ပြီးစီး ပါက ပြည်တွင်း/ပြည်ပ ခရီးသွားများ များပြားလာမည် ဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်မှု၌ များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)