သီပေါ ဒီဇင်ဘာ ၂၈
မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက အကျဉ်းဦးစီးဌာနသို့ သွားရောက်၍ မြို့နယ်အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာနဦးစီးမှူး ဦးအောင်ကြည်ထွန်းက မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့် အချက်များနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်ကျရောက်ပါက မီးသတ်ဆေးဘူး သုံးစွဲပုံ၊ သုံးစွဲနည်းများကို သီပေါမြို့ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင် များအား မီးသတ်ဆေးဘူး၊ မီးသတ်ပိုက်ဖြင့် လက်တွေ့ မီးငြှိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ ဆောင်ရွက်ခြင်းများကို ပြုလုပ်စေခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)