မိုင်းလုံမြို့တွင် တောင်သူနည်းပညာပေး ဆွေးနွေးပွဲပြုလုပ်

မိုင်းလုံ  ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့စိုက်ပျိုးရေးဦးစီးဌာန၊ ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအ ချိန်ခန့်က မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

တောင်သူနည်းပညာပေးဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်မြတ်နွယ် က မြေ၏ ချဉ်ငန်ကိန်းနှင့် မြေတွင်းအာဟာရဓာတ်ဆက်စပ်ပုံ၊ ဓာတ်ခွဲစမ်းသပ်ရန် မြေနမူနာရယူပုံနည်းလမ်း၊ မြေဆီလွှာ ဖွံ့ဖြိုး တိုးတက်ရေး၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ သီးနှံပင်အတွက်လိုအပ်သော အာဟာရဓာတ်နှင့် ပိုးမွှားတာဝန်ခံ ဒေါ်ချောစုထွေး က သီးနှံအလိုက် ကျရောက်တတ်သော ရောဂါပိုးမွှားများ၊ ပိုးမွှားနှိမ်နှင်းရေးနည်းလမ်းများ၊ မိုင်းလုံမြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေး က နှစ်ရှည်သီးပင်များ စနစ်တကျစိုက်ပျိုးနည်းစနစ်များ၊ ဆောင်းပဲပုတ်၊ နေကြာပင်တွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေးနှင့် လက်ဖက်သိပ္ပံနည်းကျ စိုက်ပျိုးထုတ်လုပ်သည့် နည်းစနစ်များ အကြောင်းကို ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူနည်းပညာ ဆွေးနွေးပွဲကို   တောင်သူ ၂၀ ဦး တက်ရောက်ခဲ့ပြီး၊  စိုက်ပျိုးရေး ဝန်ထမ်း ၆ ဦးတို့က  ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်(မိုင်းလုံ၊ပြန်/ဆက်)